အသက်ရှိသော တက်တူးလေး

အသက်ရှိသော တက်တူးလေး
 
တက်တူးဆိုတာ ဘာကြီးလဲ။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ မှင်နဲ့ဆွဲသားတဲ့ အနုပညာတစ်မျိုးပါပဲ။ လူတွေက ဒီဇိုင်းရှာပြီးတော့ သူတို့အတွက် ရုပ်ဆိုးဆိုးအပ်တွေနဲ့ ပုံဖြစ်အောင်ဆွဲပေးမယ့်သူဆီကို သွားကြတယ်။ နှစ်တွေကြာလာတော့ အရောင်တွေမှိန်လာပြီးတော့ ရောကုန်တယ်။ မကြာသေးခင်က တက်တူးထိုးတဲ့ခေတ်ထလိုက်သေးတယ်။ ဒါကြောင့် အသက်ကယ်ဖို့အတွက် တက်တူးတွေကို အသုံးပြုဖို့ စဉ်းစားလိုက်ကြတယ်။ အံံ့သြစရာပဲ။ ဘယ်လိုများပါလိမ့်နော်။ နည်းပညာက ထူးခြားပါတယ်။
MIT university မှ အင်ဂျင်နီယာတစ်ဖွဲ့က 3D printing နည်းပညာအသစ်တစ်ခုကိုအသုံးပြုပြီးတော့ stimuli မျိုးစုံကို တုံ့ပြန်နိုင်တဲ့ အသက်ရှိတက်တူးဖြစ်အောင် ဆဲလ်တွေကိုမျိုးရိုးဗီဇပြင်လိုက်ကြပါတယ်။ ဘာကိုဆိုလိုတာလဲ နားကိုမလည်တော့ဘူးဖြစ်နေလား။ တက်တူးတွေဟာ ထိုးထားတဲ့သူဘေးနားမှာရှိတဲ့ အန္တရာယ်ရှိတဲ့အရာတွေကို တုံ့ပြန်နိုင်ပါတယ်။ အဲဒီလို ယာယီတက်တူးလေးတွေကို အသက်ရှိတဲ့ဆဲလ်တွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ သူတို့ရဲ့ prototype လေးတွေကိုကြည့်ရတာတော့ သစ်ပင်အကိုင်းအခက်လေးတွေအတိုင်းပါပဲ။
ယာယီတက်တူးလေးတွေဟာ ခန္ဓာကိုယ် သဘာဝအတိုင်း ဆွဲဆန့်နိုင်ပါတယ်။ တစ်ရက်လောက်စွဲနေပြီး ဖြစ်နိုင်တဲ့အန္တရာယ်တွေကို ခံစားပေးနိုင်မှာပါ။ သုတေသီတွေဟာ နို့တိုက်သတ္တဝါတွေရဲ့ဆဲလ်နဲ့ စမ်းသပ်ခဲ့ပေမယ့် ဒီနည်းပညာကို ခံနိုင်ရည်မရှိတာတွေ့ခဲ့ပါတယ်။ သူတို့ဟာ 3D-printing လုပ်ချိန်မှာ ခံနိုင်ရည်မရှိတာကို တွေ့ရပါတယ်။ UV နဲ့ထိတွေ့မှုက သူတို့ကို သေဆုံးသွားစေပါတယ်။ ဒါကြောင့် ဘတ်တီးရီးယားတွေကို အသုံးပြုတာပါ။ ကောင်းတဲ့အချက်ကတော့ ဖိအားတွေကိုခံနိုင်တယ်။ အရေပြားနဲ့လည်း အလွယ်တကူတွယ်ငြိနိုင်ပါတယ်။ ဘတ်တီးရီးယားတွေရဲ့ဆဲလ်တွေကို အသုံးပြုပြီးတော့ ဓာတုပစ္စည်းတွေနဲ့ ပေါင်းစပ်ကာ ဆဲလ်တွေအသက်ရှင်နေနိုင်ဖို့အတွက် မင်ရည်၊ ဆဲလ်၊ အာဟာရတွေကိုပါ ဆက်လက်တီထွင်ခဲ့ရပါတယ်။
ဒီနည်းပညာကို အသက်ရှိတက်တူးလေးအသွင် သရုပ်ပြခဲ့ပါတယ်။ ပါးလွှာပြီးတော့ ထွင်းဖောက်မြင်နေရတဲ့ pattern လေးတွေက သစ်ပင်အကိုင်းအခက်လေးတွေလိုပါပဲ။ သစ်ပင်ရဲ့ တစ်ကိုင်းချင်းစီက ဓါတု၊ မော်လီကျူးတစ်မျိုးစီကို ခံစားနိုင်စွမ်းရှိကြပါတယ်။ တုံ့ပြန်မယ်ဆိုရင်တော့ အဲဒီအပင်လေးတွေက အလင်းလေးတွေ လင်းနေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မမြင်နိုင်တဲ့ အန္တရယ်တွေကို ခံစားလို့ရမှာပါ။
အပင်ရဲ့အစိတ်အပိုင်းတွေက အရောင်လေးတွေ ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ အချို့အကိုင်းတွေကတာ့ အခြားသူတွေရဲ့ အချက်ပြမှုကို တုံ့ပြန်နိုင်အောင် လုပ်ဆောင်ထားတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် element တွေရဲ့ ပေါင်းစပ်မှုကို ခြားနားကွဲပြားစွာသိနိုင်စေမှာပါလို့ ပညာရှင်တွေက ရှင်းပြထားပါတယ်။ အကြောင်းအရာတစ်ခုတည်းကို အခြေတည်ခံစားလိုက်တဲ့အခါမှာ တချို့ကတော့ အန္တရာယ်ရှိနိုင်ပေမယ့် တချို့ကတော့ ဒုက္ခမပေးနိုင်ပါဘူး။
အန္တရာယ်ကိုသတ်မှတ်နိုင်ခြင်းက လွယ်ကူသွားပါပြီ။ ဒါပေမယ့် ဒါကအဆုုံးသတ်မဟုတ်သေးပါဘူး။ ဒါဟာ အစပဲရှိသေးတာပါ။ သူတို့ကို ဆေးပညာနယ်ပယ်မှာ အသုံးချဖို့ကိုလည်း လုပ်ဆောင်သွားနိုင်ပါတယ်။ ဆေး၊ ကွန်ပေါင်း၊ ဂလူးကို့စ်တွေကို အချိန်ကိုက်ပြီး ထိုးသွင်းတာမျိုးပေါ့။ ဘယ်လောက်မိုက်မလဲဆိုတာ စဉ်းစားကြည့်လိုက်ပါဦး။ တက်တူးလေးတစ်ခုက သင့်ရဲ့ကျန်းမာရေးကို စောင့်ကြည့်နေပြီးတော့ လိုအပ်တာတွေကို ဆုံးဖြတ်ပေးသွားမယ်။ ဘယ်အချိန်မှာ ဘယ်ဆေးသောက်ရမလဲဆိုတာကို ပြောပေးနိုင်တော့မှာပါ။
ဒီစနစ်ကြောင့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ပြုစုစောင့်ရှောက်တဲ့ပုံစံတွေ ပြောင်းလဲသွားမယ်။ နာဖျားမှာကြောက်နေရတဲ့ဖိအားတွေ နည်းသွားမယ်။ အန္တရာယ်ရှိတဲ့ရောဂါတွေ၊ အဆိပ်မိတာတွေကနေလည်း ကာကွယ်နိုင်တော့မှာပါ။

Follow us

Log in or create an account