လက်တွေ့ဘဝက ကြောက်မက်ဖွယ်စက်ရုပ်များ

လက်တွေ့ဘဝက ကြောက်မက်ဖွယ်စက်ရုပ်များ


၂၀၁၇ခုနှစ်တုန်းက artificial intelligence ကျွမ်းကျင်သူပေါင်း ရာနဲ့ချီဟာ ဘယ်သူ့ကိုသတ်ရမလဲဆိုတာ အလိုအလျောက်ဆုံးဖြတ်နိုင်တဲ့ စက်ရုပ်လူသတ်သမားတွေ ဖန်တီမှုအကြောင်း ကန့်ကွက်ခဲ့ကြပါတယ်။ ၂၀၁၄ခုနှစ်တုန်းကလည်း လူသားတွေရဲ့ လိုအပ်ချက်တွေကို ဂရုပြုပြီးတော့ ဖန်တီးဖို့ AI ဖန်တီးသူတွေထံ အိတ်ဖွင့်စာလေးကို စတီဖင်ဟော့ကင်းနဲ့ အီလွန်မက်ခ်တို့က ပေးပို့ခဲ့ပါတယ်။ Terminator ၊ HBO's Westworld နဲ့ ရုပ်ရှင်သမားတွေရဲ့ sci-fi ဇာတ်ကားတွေက ကျွန်တော်တို့ကို သတိပေးနေသလိုပါပဲ။ ဒါပေမယ့်လည်း ကျွန်တော်တို့စိတ်ထဲမှာ မေ့ပျောက်နေကြတာကများပါတယ်။ စက်ရုပ်နည်းပညာတွေက တိုးတက်မြင့်မားလာသလို အသုံးချမှုနယ်ပယ်မှာလည်း ပိုမိုကျယ်ပြန့်လာတာကို ငြင်းလို့မရနိုင်ပါဘူး။
ဒီစာကို ဆက်ပြီးတော့ဖတ်မယ်လို့ ဆုံးဖြတ်ထားမယ်ဆိုရင် တံခါးကိုသေချာပိတ်ထားပြီး အသုံးအဆောင်ပစ္စည်းတွေ အားလုံးကိုပလတ်ဖြုတ်လိုက်ပါ။ စိတ်အေးအေးနဲ့ ဖတ်လို့ရတာပေါ့။ ဒီစာကိုဖတ်ပြီးချိန်မှာ ပေါင်မုန့်ကင်စက်လေးကိုတောင် သံသယဝင်သွားနိုင်သလို စက္ကူဖျက်ဆီးစက်ကိုလည်း အမြင်တွေမှားလာနိုင်ပါတယ်။ စက်ရုပ်တွေရဲ့ ကြောက်မက်ဖွယ်တိုးတက်မှုကို ဖတ်ပြီးသွားရင် ညတောင် ကောင်းကောင်းအိပ်ပျော်နိုင်ပါဦးမလား။


အိပ်မက်ဆိုးတွေမက်စေအောင် ခြောက်လှန့်မယ့်ကောင်မလေး


ဒီစက်ရုပ်လေးကိုတော့ artist Jordan Wolfson က ဖန်တီးခဲ့တာဖြစ်ပါတယ်။ ပုံစံလေးကတော့ မိန်းမပျိုတစ်ဦးအသွင်ဖြစ်ပါတယ်။ မျက်နှာကိုတော့ စုန်းမပုံစံမျက်နှာဖုံးတစ်ဝက်စွပ်ပေးထားပြီး ဝတ်စုံဖြူကိုဝတ်ဆင်ပေးထားပါတယ်။ မှန်ရှေ့မှာ pop သီချင်းတွေနဲ့ ကပြနိုင်အောင် ဖန်တီးထားပါတယ်။ နောက်ပြီး “ငါ တဖြည်းဖြည်းအိုလာပြီ” “ငါဝလာပြီ” “ဘုရားသခင်ကို ငါမယုံဘူး” စတဲ့ စကားလုံးတွေကိုလည်း သင်ပေးထားပါတယ်။ နောက်တစ်ချက်ကတော့ သူ့မှာ facial recognition ထည့်ပေးထားတဲ့အတွက်ကြောင့် အနားမှာဖြတ်သွားတဲ့သူတိုင်းရဲ့ မျက်လုံးကို စေ့စေ့ကြည့်ပြီး ကျောချမ်းအောင်လည်း လုပ်နိုင်ပါသေးတယ်။
ဒီစက်ရုပ်လေးကတော့ ကျွန်တော်ဖော်ပြမယ့်အောက်က စက်ရုပ်တွေနဲ့ ကွာခြားနေပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ကို ခြောက်လှန့်ဖို့အတွက်ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အယ်လ်အေရဲ့ Broad ပြတိုက်မှာ စတင်ပြသခဲ့ရာမှာ လူတိုင်းက နှစ်သက်သဘောကျခဲ့ကြပါတယ်။ ဟုတ်ပါတယ်။ တွေ့မြင်ရတဲ့သူတိုင်းကို အကြည့်တစ်ချက်နဲ့ လှုပ်ကိုင်နိုင်စွမ်းရှိတဲ့ မိန်းမပျိုလေးတစ်ဦးပါ။ အိပ်မက်ထဲထိ ခေါ်ထားချင်သေးလား။ သူမလိုက်လာပါလိမ့်မယ်။


Super Monster Wolf လို့အမည်ပေးထားတဲ့ စက်ရုပ်


ဂျပန်မှာ ဝံပုလွေတွေကို ၁၈၀၀ ခုနှစ်လောက်ကတည်းက အမဲလိုက်ခဲ့ကြပြီးတော့ သတ်ပစ်ခဲ့ကြပါတယ်။ အခုဆိုရင်တော့ သမင်လိုအကောင်တွေကို နိုင်ငံတွင်းမှာ လွတ်လပ်စွာသွားလာခွင့်ပေးထားလိုက်ပါတယ်။ ဒီအရာကကောင်းမွန်တယ်ဆိုသော်ငြားလည်း အဲဒီလို သမင်၊ ဆိတ်၊ သိုးတွေက အခင်းတွေထဲကိုဝင်ပြီးတော့ စားတတ်ကြပါတယ်။ ဒါကြောင့် ဝံပုလွေတွေကို ပြန်ထားသင့်ကြောင်း၊ သူတို့က အခင်းတွေကို ကာကွယ်ပေးနိုင်ကြောင်း ငြင်းခုံုမှုတွေ ဖြစ်ခဲ့ကြပါသေးတယ်။ တောရိုင်းတိရိစ္ဆာန်အမျိုးအစားရှိရေး စုံလို့ပါပဲ။ ဒီလိုဖြစ်ရပ်တွေကြောင့် Super Monster Wolf က ပေါ်ပေါက်လာခဲ့တာပါ။
ဒီစက်ရုပ်ကိုတော့ ဆိုလာနဲ့အားဖြည့်ထားပြီးတော့ အမွေးတွေနဲ့ ဖုံးအုပ်ထားပါတယ်။ မီးတောက်နေတဲ့မျက်လုံးနဲ့ မျက်နှာပိုင်းကိုတော့ အသေတပ်ထားပါတယ်။ ခြေလက်တွေ မလှုပ်နိုင်ပါဘူး။ ဒါပေမယ့်လည်း သွားလာနိုင်ပြီးတော့ အခင်းထဲမှာ တိရိစ္ဆာန်တွေဝင်နေပြီဆိုရင်တော့ အော်ဟစ်ပေးပါတယ်။ အော်ဟစ်သံမှာ သေနတ်မှ လူသံအထိ ထုတ်ပေးနိုင်ပါတယ်။ ဒီစက်ရုပ်လေးကို Kaisarazu ပြပွဲမှာ ပြသခဲ့ရာ အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ဒါကြောင့် အများအပြားထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ခြေထောက်တွေ လှုပ်ပြီး သဘာဝကျကျဖြစ်အောင် လုပ်ဆောင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဒီပစ္စည်းလေးကို ဈေးကွက်မှာဝယ်ယူချင်တယ်ဆိုရင် ဈေးနှုန်းလေးကို သိထားဖို့လိုပါလိမ့်မယ်။ ဈေးနှုန်းကတော့ ဒေါ်လာ 4,840 ဖြစ်ပါတယ်။


ဆန်းကြယ်မှုအပေါင်း သရဖူဆောင်းထားတဲ့ Sophia စက်ရုပ်မလေး


Uncanny Valley ဆိုတာကို ကြားဖူးကြသလား။ အဲဒီနေရာကတော့ လူသားပုံစံပစ္စည်းတွေကို တီထွင်ပြီးတော့ လူသားတွေလုပ်ဆောင်နိုင်တဲ့တာဝန်တွေကို အစားထိုးခိုင်းလို့ရအောင် ပြင်ဆင်နေတဲ့နေရာလေးတစ်ခုပေါ့။ အဲဒီနေရာလေးကသာ အမှန်တကယ်ရှိတဲ့နေရာလေးဆိုရင် Sophia က အဲဒီနေရာမှာ နေထိုင်တဲ့သူတစ်ယောက်လို့ ပြောရပါလိမ့်မယ်။
Sophia ကတော့ ဒီနှစ်ပိုင်းမှာ စက်ရုပ်နဲ့ပတ်သတ်လာရင်တော့ လူသိများလာပါတယ်။ သူမနဲ့စကားပြောထားတဲ့ ရှိုးတွေကို ရိုက်ပြထားတဲ့ ဗွီဒီယိုတွေက အတော်လေးပျံ့နှံ့ခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာ သူမကို ဆော်ဒီအာရေဗျနိုင်ငံသားအဖြစ် သတ်မှတ်ပေးလိုက်ပါပြီ။ သူမရဲ့မျက်နှာကိုတော့ Auderw Hepburn က တည်ဆောက်ပေးခဲ့ပြီးတော့ အသားအရေက အစစ်လို့ထင်ရပါတယ်။ ပြီးတော့ မျက်နှာအမူအယာပေါင်း ၆၀ လောက်ကို လုပ်နိုင်တဲ့စက်ရုပ်မလေးပါ။
သူမကိုဖန်တီးခဲ့သူကတော့ Dr. David Hanson ဖြစ်ပါတယ်။  သူကတော့ စက်ရုပ်မလေးရဲ့ မျက်နှာအမူအယာတွေကို အစစ်နီးပါးဖြစ်အောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားသူတစ်ယောက်ပါ။ သူမလိုမျိုးစက်ရုပ်တွေကို ကျောင်းတွေနဲ့ အလုပ်ခွင်တွေမှာ အသုံးပြုနိုင်ဖို့အထိ ရည်မှန်းထားပါတယ်။ ဘယ်သူသိနိုင်မှာလဲ။ Sophia တောင် အဲဒီနေရာတွေကို ရောက်လာနိုင်ပါတယ်။ မကြာသေးခင်က သူမကိုခြေထောက်တပ်ပေးလိုက်လို့ အခုဆိုရင် သူမဟာလမ်းလျှောက်နိုင်နေပါပြီ။ ဒါပေမယ့်လည်း သူမကိုကြည့်ရတာ ပုံမှန်ထက် တုံ့ပြန်မှုစောနေခြင်း၊ အသက်မပါတဲ့အကြည့်တွေ ရှိနေတုန်းပါပဲ။ ဒါတွေကို နောက်ပိုင်းမှာတော့ ပြင်ဆင်ပေးကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။


အမေဖြစ်သူတောင် ချစ်လို့မရနိုင်တဲ့မျက်နှာရှိသော CB2


CB2 ကတော့ပေါင်ချိန်၇၃ရှိတဲ့ ကလေးငယ်တစ်ဦးပါ။ သူဟာ အသံ၊ အထိတွေ့ကို ခံစားပြီးတော့ တုံ့ပြန်နိုင်ပါတယ်။ မျက်နှာအမူအယာတွေကိုလည်း ဖတ်နိုင်ပါတယ်။ ပြီးတော့ အခြားသူတွေဆီကနေလည်း တုပပြီးတော့ သင်ယူနိုင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကလေးငယ်တွေ ဖွံ့ဖြိုးမှုအတွက် အသုံးပြုဖို့ပါ။
CB2 ကို ၂၀၀၇ခုနှစ်မှာ စတင်ပြသခဲ့ပြီးတော့ ၂၀၀၉ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ လူသားတွေနဲ့ဆက်ဆံမှုအပိုင်းမှာ တိုးတက်ကောင်းမွန်အောင် ပြင်ဆင်ထားတာဖြစ်ပြီးတော့ ခံစားချက်တွေကိုလည်း အမျိုးအစားတွေ ခွဲခြားနိုင်အောင် လုပ်ခဲ့ပါတယ်။ အခန်းထဲကိုလည်း လှည့်လည်သွားလာနိုင်နေပါပြီ။ သူ့ဆီကနေ သတင်းမကြားရတာတော့ အတော်လေးကြာနေခဲ့ပါပြီ။ အခုလောက်ဆိုရင် ကျွန်တော်တို့ကို နင်းခြေပစ်ဖို့တောင် သင်ကြားနိုင်နေပြီလားမသိဘူး။ ကျွန်တော် သတိပေးတယ်နော်။


ကော်ဇောပေါ်က ကြောက်စရာ တွားသွားသတ္တဝါ


CB2 ထက် နည်းနည်းအဆင့်နိမ့်က ကလေးစက်ရုပ်လေးတစ်ခု ရှိပါသေးတယ်။ ကြည့်ရတာ အနာဂတ်ကလာတဲ့ တောင်တက်သတ္တဝါလေးလိုပါပဲ။ တည်ဆောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကော်ဇောပေါ်ကို ကလေးငယ်တစ်ယောက် တွားသွားလိုက်တဲ့အချိန်မှာ ပိုးမွှားတွေတွယ်ကပ်နိုင်ကြောင်းကို သရုပ်ပြဖို့အတွက် ဖန်တီးခဲ့တာဖြစ်ပါတယ်။ အဲဒီ ခြေထောက်မပါ၊ နာမည်မရှိ၊ ရစ်ပတ်ထုပ်ထားတဲ့ နတ်ဆိုးလေးမှာတော့ ကြိုးတွေနဲ့တွယ်ဆက်ထားပါတယ်။ အိမ်ရဲ့လက်တွေ့ကော်ဇောပေါ်မှာ သွားလာနိုင်ပါတယ်။ လေထဲမှာရှိတဲ့အမှုလေးတွေကို လေဆာရဲ့ကျေးဇူးနဲ့ စုဆောင်းပြီးတော့ လေ့လာမှုတွေလုပ်ဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။
သီအိုရီအရ အန္တရာယ်မပေးနိုင်ပါဘူး။ သူ့ရဲ့ကန့်သတ်ထားတဲ့ဒီဇိုင်းကြောင့် အများသုံးဖို့မဖြစ်လာသေးပါဘူး။ ဒါပေမယ့်ေ နာက်ပိုင်းမှာ ကြိုးတွေပြုတ်သွားပြီးတော့ လွတ်လပ်စွာ ပြေးလွှားနိုင်တော့မယ်ဆိုရင်တော့ဖြင့်။


လူ့ပါးစပ်ပါဝင်တဲ့ စက်ရုပ်


ဒီစက်ရုပ်လေးကိုတော့ ဂျပန်နိုင်ငံမှာရှိတဲ့ Kagawa တက္ကသိုလ်မှ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ပါးစပ်ပုံစံကိုတော့ ဆီလီကွန်အမျိုးအစားများစွာကို ပေါင်းစပ်ပြီးတော့ လုပ်ဆောင်ထားတာဖြစ်ပါတယ်။ စကားသံထွက်ဖို့အတွက်တော့ ပိုက်ထဲကနေ လေကိုပို့လွှတ်ပြီးတော့ အသံကော့ဒ်တွေကို ပိုင်းခြားပြီးတော့ အလုပ်လုပ်တာဖြစ်ပါတယ်။ အသံရဲ့ထုထည်ကိုတော့ ပြွန်ရဲ့အမျိုးမျိုးသောအစိတ်အပိုင်းကနေ ထုတ်လုပ်ပြီးတော့ စကားလုံးတွေဖြစ်စေပါတယ်။ ထိပ်မှာ နှာခေါင်းလိုလေးရှိပြီးတော့ m နဲ့ n အသံလေးတွေကို ထွက်နိုင်အောင် ကူညီပေးပါတယ်။ r အသံပြီစေဖို့အတွက် လျှာကိုလည်း ပါးစပ်အတွင်းမှာ ထည့်ပေးထားပါတယ်။
ကြည့်ရတာ စိတ်ဝင်စားစရာထက် ကြောက်လန့်စရာတစ်ခုလို ဖြစ်နေပါတယ်။ သူဟာ မိုက်ခ်ကနေပြောလိုက်တဲ့အသံတွေကို နားထောင်ပြီးတော့ ဘယ်လိုအသံထွက်သလဲဆိုတာကို ဆုံးဖြတ်နေတာပါ။ သူမသိဘူးဆိုရင်တော့ လိုက်ပြီးတော့ ထွက်ကြည့်ပါတယ်။
နောက်ပိုင်းမှာ t နဲ့ s အသံတွေထွက်နိုင်အောင် သွားတွေကိုထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ ဆိုတော့ “ကျေးဇူးပြုပြီး ငါ့ကိုသတ်ပါ”  လို့ ပြောတော့မှာလား။


Black Mirror မှ စိတ်ကူးကို အကောင်အထည်ဖော်ထားတဲ့ စက်ရုပ်ခွေး


စစ်တပ်အသုံးပြုဖို့အတွက် ထုတ်လုပ်ထားတဲ့ BigDog ကတော့ တဖြည်းဖြည်းနဲ့ ဖျက်ဆီးနိုင်စွမ်းအားကောင်းမွန်လာသလို ကြောက်စရာလည်း ကောင်းလာပါတယ်။ တစ်နာရီကို ၁၀ကီလိုမီတာပြေးနိုင်ခြင်း၊ အလေးချိန် ၁၅၀ကီလိုဂရမ်ကို မနိုင်ခြင်းတွေက လန့်စရာပါပဲ။ ၂၀၁၃ ခုနှစ်မှာ လက်အပိုတစ်ခုတပ်ပေးလိုက်တာကြောင့် စွမ်းအားပိုမြင့်သွားပါတယ်။ ၂၀၁၈ ခုနှစ်မှာ SpotMini ဆိုတဲ့ ချစ်စရာအကောင်သေးကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် သင့်ကို တံခါးဖွင့်ပေးချိန်မှာတော့ ချစ်နိုင်တော့မှာ မဟုတ်ပါဘူး။ သင့်ကိုဘယ်အချိန် သတ်သွားမလဲဆိုတာကို တွေးနေမိမှာပါ။
Boston Dynamic ရဲ့ ဖန်တီးမှုဖြစ်တဲ့ အဲဒီခွေးတွေကတော့ လူသားတွေရဲ့ ပုန်းကွယနေတဲ့ကြောက်လန့်မှုတွေကို နှိုးဆွပေးလိုက်သလိုမျိုးပါပဲ။ ဒီကောင်လေးတွေကများ သူတို့ရဲ့ပိုင်ရှင်ကို ပြန်သတ်ဖို့ကြိုးစားမယ်ဆိုရင် ဘယ်လိုတွေများ ဖြစ်ကုန်မလဲ။ မတွေးဝံ့စရာပါပဲ။
အဲဒီလိုသာဖြစ်လာမယ်ဆိုရင်တော့ ကမ္ဘာပျက်ကိန်းဆိုက်သွားတော့မှာပါ။ Black Mirrror ဖန်တီးသူ ချာလီကတော့ ဒီခွေးတွေဟာ သူ့ရဲ့ဇာတ်လမ်းကို မှီငြမ်းထားကြောင်း ပြောခဲ့ပါတယ်။ သူတို့ကို စောင့်ကြည့်လေ့လာပြီးတော့ ကျွန်တော်တို့ကို အန္တရာယ်ပေးနိုင်တဲ့အထိ မဖြစ်အောင် ကာကွယ်ရမယ်လို့ သူကဆိုပါတယ်။ ချာလီရေ ခင်ဗျားနဲ့ ကျွန်တော်တို့ တစ်သားတည်းရှိနေပါတယ်။


BionicWheelBot လို့အမည်ရတဲ့ ပင့်ကူစက်ရုပ်


ဒီနေ့ခေတ်မှာ ပင့်ကူစက်ရုပ်လေးတွေက ဟိုမှာဒီမှာ တွေ့နေရပါတယ်။ ဒီလိုခြေလေးချောင်းစက်ရုပ်လေးကတော့ flic-flac ပင့်ကူလေးကို အခြေခံပြီးတော့ တီထွင်ထားတာဖြစ်ပါတယ်။ သတိပေးချင်တာကတော့ သိပ်ပြီးတော့ မရှိပါဘူး။ ကျွန်တော်တို့အရင်တုန်းက ပြောခဲ့သလိုမျိုးပါပဲ။ နောက်ပိုင်းမှာ ဒီထက်ပိုကောင်းလာအောင် အခက်အခဲမရှိဘဲ သူတို့တွေ လုပ်ဆောင်နိုင်ကြပါလိမ့်မယ်။
ဂျာမန်လုပ်ငန်းတစ်ခုဖြစ်တဲ့ Festo ကနေပြီးတော့ ဒီကောင်လေးတွေကို ဖန်တီးထားတာပါ။ သူ့ရဲ့ခြေလက်တွေက ပြားကပ်တဲ့မျက်နှာပြင်မှာဖြစ်စေ၊ လျှောမှာဖြစ်စေ အဆင်ပြေပြေသွားလာနိုင်ပါတယ်။ ခြေထောက်တွေကို ပုံစံပြောင်းပြီးတော့ ဘီးလုံးအသွင်းပြောင်းကာ အရှိန်မြှင့်လို့လည်း ရနိုင်ပါတယ်။ အတွင်းပိုင်းမှာ sensor တွေပါတဲ့အတွက်ကြောင့် ဘယ်လိုမျက်နှာပြင်ပေါ်မှာရောက်နေသလဲဆိုတာကို သိရှိနိုင်တဲ့အတွက်ကြောင့် အလွန်အဆင်ပြေပါတယ်။ ဒါကြောင့် ပြုတ်ကျလို့ ပျက်စီးတာမျိုးတွေ မဖြစ်တော့ပါဘူး။
လက်ရှိမှာတော့ အသုံးချနယ်ပယ်တွေမရှိသေးပါဘူး။ ဒါပေမယ့်လည်း ဘယ်လိုတွေလုပ်ဆောင်နိုင်သလဲဆိုတာကို စိတ်ကူးကြည့်လို့ရပါတယ်။ သူ့ရဲ့မကောင်းဆိုးဝါးဆန်မှုကတော့ နည်းပါးပေမယ့်လည်း သူ့ရဲ့လက်သည်းချွန်ချွန်လေးတွေကိုတော့ ကြောက်လန့်မိပါတယ်။


လူသားတွေကို ဖယ်ထုတ်မယ့် Alter


ရေစီးကြောင်းပေါ်မှာ လေးစားရမယ့်စက်ရုပ်တွေ မရှိသေးပေမယ့်လည်း စက်ရုပ်တွေဖန်တီးခြင်းက တဖြည်းဖြည်း အလေးပေးခံလာရပါတယ်။ ကြိုတင်ရေးသားထားတဲ့ အမိန့်တွေနဲ့ အလိုအလျောက်လုပ်ဆောင်ခြင်းရဲ့ကြားမှာ ကွာဟချက်တွေ ရှိနေပါသေးတယ်။ အဲဒီကွာဟချက်တွေကို ချုံ့ပေးမှာကတော့ Alter ဖြစ်ပါတယ်။
Alter ကို ဂျပန်နိုင်ငံက ဖန်တီးထားတာဖြစ်ပြီးတော့ neural network ကို အသုံးပြုထားတဲ့အတွက်ကြောင့် လုပ်ဆောင်ချက်တွေကို လူသားတွေက လုပ်ပေးနေစရာမလိုအပ်ဘဲ ပတ်ဝန်းကျင်က စိုထိုင်းဆ၊ အပူချိန်၊ အနီးနားကအရာများ၊ အသံ စတာတွေနဲ့ တုံ့ပြန်မှာဖြစ်ပါတယ်။ ဒါကြောင့် ရွေ့လျားမှုကိုလည်း ကောင်းမွန်စွာလုပ်ဆောင်ပေးနိုင်ပါတယ်။ ပြီးတော့ ကျပန်းလုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ အဲဒီအတွင်းမှာရှိတဲ့ sensor တွေက လူသားအရေပြားပုံစံနဲ့ အလုပ်လုပ်ပုံက ဆင်တူပါတယ်။ လူသားတစ်ယောက်လို လမ်းလျှောက်နေတာမဟုတ်ပေမယ့်လည်း အရာတိုင်းကို လူသားတစ်ယောက်အသွင်ခံစားနိုင်ပါတယ်။
ကျွန်တော်ကတော့ သူ့သီချင်းတွေကို သူကိုယ်တိုင်ဖန်တီးပြီး မဆိုသေးရင်တော့ အေးဆေးဖြစ်ဦးမယ်လို့ ထင်ပါတယ်။ သီချင်းဆိုတာက အဆင့်မြင့်တဲ့အနုပညာခံစားမှုတစ်ခုမဟုတ်လား။ ဒါပေမယ့် Alter ကတော့ လှုပ်ရှားမှုတိုင်းမှာ လန့်စရာအသံတွေထွက်ပေးပါတယ်။ ကြောက်စရာတစ်ခုအသွင် ဖြစ်နေဆဲပါ။


ရေအောက်ကမြွေတစ်ခုအသွင်မြင်ရမယ့် Eelume


သင်က ရေအောက်ထဲမှာနေရတာကို မကြောက်တတ်ဘူးဆိုရင်တော့ Eelume နဲ့ တွေ့ကြည့်လိုက်ပါဦး။ သူ့ကိုဖန်တီးခဲ့တာကတော့ ၂၀၁၆ခုနှစ်မှာ Norwegian တက္ကသိုလ်က ဖန်တီးခဲ့တာဖြစ်ပြီးတော့ ကြောက်စရာမျက်လုံးနီနဲ့ ရေအောက်မှာ မြွေတစ်ကောင်လို လွန့်လူးသွားလာနေပါတယ်။
Eelume ကတော့ ကျွန်တော်တို့ကို ခြောက်လှန့်ဖို့အတွက်ထုတ်လုပ်ထားတာမဟုတ်ပါဘူး။ သမုဒ္ဒရာကြမ်းပြင်အထိဆင်းပြီးတော့ ပြင်ဆင်မှုတွေလုပ်ဆောင်နိုင်အောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ လက်ရှိနည်းပညာတွေ ရောက်ရှိနိုင်ဖို့ခက်ခဲတဲ့နေရာကို သူကစွန့်စားပြီးတော့ သွားလာပေးမှာ ဖြစ်ပါတယ်။ သူ့ကို ကင်မရာတွေတပ်ဆင်ထားပြီးတော့ tool တွေတပ်ဆင်ပေးထားလို့ လွယ်ကူတဲ့အလုပ်တွေကို လုပ်ဆောင်နိုင်စေမှာပါ။
ပြီးခဲ့တဲ့တစ်ခေါက်ကမြင်လိုက်ရတဲ့ မော်ဒယ်လ်လေးကတော့ အရင်ပုံစံထက် တိုးတက်လာပြီးတော့ ရေအောက်သတ္တဝါဆန်လာစေမှာပါ။ သူ့ကို ရွေ့လျားစေနိုင်ဖို့အတွက် ကြိုးတွေနဲ့ ချိတ်ဆက်ထားရတုန်းပါပဲ။ ဒါပေမယ့် မကြာခင်မှာ ကြိုးတွေကင်းလွတ်စွာနဲ့ သမုဒ္ဒရာထဲမှာ တွေ့မြင်ရမလား။

Follow us

Log in or create an account